Sent to you by Andy Myint via Google Reader:
ကန္တရ ကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့်သတိရဆုံးဖြစ်မလဲ
(ကျော်ဝင်း)
ကိုတာကမေးပါသည် ။ ကန္တရကျွန်းပေါ် ရောက်သွားလျှင် ဘာတွေကိုများလွမ်းမှာလဲ ။
ကျွန်တော်မဖြေတတ်ပါ ၊ ကန္တရကျွမ်းပေါ် မရောက်ဖူးသောကြောင့်ဖြစ်ပါသည် ၊ " ဂုဏ်ရည်စမ်းအင်တာဗျူး" ဆို၍ ဖြေစရာမလိုဟု ယူဆထားသည် ။ ကျွန်တော့်တွင် စမ်းစရာ ဘာဂုဏ်ရည်မှ မရှိသောကြောင့်ဖြစ်ပါသည် ။
သို့နှင့်တိုင် ၊ မေးသူက မေးလာသောအခါ ယဉ်ကျေးမူအရ လိုအပ်သည် ထင်၍ ကြိုးစားဖြေကြည့်ပါမည် ။ ဆိုခဲ့သည့်အတိုင်း ၊
ဤအခိုက်မှာပင် တစ်ချိန်က ဖတ်ခဲ့ဖူးသော စာကလေးတစ်ပုဒ်ကို ဖျတ်ခနဲ အမှတ်ရလိုက်မိသည် ။ " သီတဂူ ရေ အလှူ"ဆိုသော စာစောင်လေးထဲမှ ဆရာတော် ရွှေကိုင်းသား ၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည် ၊
ဆရာတော်က သူ ရဟန်းဝတ်စကာလ ( စစ်ကြိုခေတ်ဖြစ်မည်ထင်သည်) စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးခဲ့ရသည့် နိစ္စဓူဝ ဘဝကို ပြန်ရေးပြထားခြင်းဖြစ်ပါသည် ။ ထိုစဉ်က ဆရာတော်တွင် သင်္ကန်းနှစ်စုံနှင့် သပိတ်တစ်လုံးသာရှိပါသည် ။ ကျောက်ဂူငယ်တစ်ခုကို ကျောင်းအဖြစ် သဘောထားနေထိုင်ခဲ့ပါသည် ။ နံနက်အိပ်ရထသည်နှင့် သပိတ်ထဲမှလက်ကျန်ရေနှင့်မျက်နှာသစ် ၊ နောက်ဘုရားရှစ်ခိုး ၊ ပြီးလျှင် သင်္ကန်းအပိုတစ်စုံကို ပခုံးထက်တင် ၊ သပိတ်ကို ပိုက်ပြီး ၊ စစ်ကိုင်းမြို့ထဲ ဆွမ်းခံထွက်သည် ။ ဆွမ်းခံပြန်တော့ ၊ ကျောင်းသို့တန်းမသွားပါ ။ မြစ်ဆိပ်သို့သွားပြီး ၊ အရိပ်ကောင်းကောင်း ၊ သစ်ပင်အောက်တွင် ခေတ္တနားသည် ၊ ချွေးသိပ်တော့ မြစ်ထဲ ရေဆင်းချိုး ၊ ကိုယ်တွင် ဝတ်ထားသော သင်္ကန်းကို လျှော် ၊ အပို သင်္ကန်းနှင့်လဲ ၊ ပြီးမှ သင်္ကန်းအစို ကို နေလှန်းသည် ၊ နောက် ဆွမ်းဘုဉ်းပေးပြီး ။ သပိတ်ဆေး ၊ ရေ အပြည့်ဖြည့် ။ ဤတွင် လျှော်ထားသော သင်္ကန်းလည်းခြောက် ပြီဖြစ်ရာ ၊ ခေါက်ပြီး ခေါင်းပေါ်တင် ၊ ရေသပိတ်ကို ပိုက်ပြီးကျောင်းသို့ပြန်သည် ၊ ဤကိစ္စ အားလုံးပြီးလျှင်တော့ ညအိပ်ရာဝင်ချိန်ထိ တရားအလုပ်သာလုပ်တော့သည် ။
နောက်တစ်နေ့ မျက်နှာသစ်စရာ ရေချန်ပြီး ၊ ရေဆာလျှင်ရေသောက်သည် ။ သည်လို နှင့် နောက်တစ်နေ့မိုးလင်း ၊ အိပ်ရာထ ၊ မျက်နှာသစ် ---ဆွမ်းခံကြွ -- ၊
ဆရာတော် စာကိုဖတ်ရင်း ၊ မေတ္တာသုတ်မှ " အပ္ပကီစ္စောစ " ဆိုသော ပါဠိ ဝေါဟာရကို လိုက်ကနဲ သတိရလိုက်မိသည်။ " နည်းသော အမူကိစ္စရှိခြင်း" ဟု နားလည်ရပါသည် ။ "နည်းသော အမူကိစ္စဖြင့် မြတ်သော အကျင့်ကို ကျင့်ရာ၏ "ဆိုသော ဆရာတော်လက်တွေ့ကျင့်သုံးပြလိုက်သည့် ဗုဒ္ဓ မြတ်စွာ၏ အဆုံးအမက ။ ယောက်ယက်ခတ်နေသော ကျွန်တော့်စိတ်တွေကို ထိန်းထားနိုင်ခဲ့ပါသည်၊
ကျော်ဝင်း။ စတိုင်သစ် ။ အမှတ် ၁၄၆ ၊ နိုဝင်ဘာ ။၂၀၀၅ ။
Things you can do from here:
- on Imaginary clouds no2
- Subscribe to Imaginary clouds no2 using Google Reader
- Get started using Google Reader to easily keep up with all your favorite sites
No comments:
Post a Comment