Saturday, September 1, 2007

ဆရာ ဦးဆန်းလွင် ၊ ဆရာ မောင်ဝဏ္ဏ (၁)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 20, 2007

အကြောင်းအရာ တစ်ခု ၊ ပြဿနာ တစ်ခုကို စတင်ချဉ်းကပ်ပုံနှင့် စပ်လျဉ်း၍ ဆရာ တစ်ဦး ( ဆရာ ဦးမြင့်သန်း ဟုထင်ပါတယ် ) ၏ စကားမှာ အလွန်တန်ဖိုးရှိပါတယ် ။ " ဆရာတို့ ဘယ်ကနေ စ စဉ်းစားမလဲ " ၊ " ဘယ်ကနေ စမလဲ " ဟူသော အနက်မျိုးဖြစ်ပါတယ် ။ စာရေးဆရာ မောင်ဝဏ္ဏ ၏ " ဒုက္ခ ကို ချိုမြိန်စွာခံစားနေသော-----" စာအုပ်မှ မြတ်ဗုဒ္ဓ ၏ တရားတော်ကို ချဉ်းကပ်ပုံနှင့် စာရေးဆရာ ဦး ဆန်းလွင် ရေးသားပြုစုသော " ရတနာ သုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း " စာအုပ်မှ မြတ်ဗုဒ္ဓ ၏ တရားတော်ကို ချဉ်းကပ်ပုံ များထဲမှ တူညီသော ချဉ်းကပ်ပုံ များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ် ။ တနည်းဆိုသော် အမိ တက္ကသိုလ် တစ်ခုထဲတွင် ပညာ ဆည်းပူးခဲ့သော သူနှစ်ဦး ၏ အကြောင်းအရာ တစ်ခုဆီသို့ ချဉ်းကပ်ပုံ တူညီ နေသည်မှာ မထူးသော်လည်း မဆန်းလှပါ ။


ဆရာ မောင်ဝဏ္ဏ သည် ထိုစာစု ကို မရေးမီ သက်ဆိုင်ရာ စာအုပ်တော်တော် များများကို ပြန်ဖတ် ၊ ဆင်ခြင်ပြီး ရေးပါသည်ဟု ဆိုထားပါတယ် ။ သူ စတင်သောနေရာမှာ မြတ်စွာဘုရားဟာ ဓမ္မ စကြာကို တရားဦး အဖြစ် ဘာကြောင့် ဟော သလဲ ဆိုသော မေးခွန်းကို ဖြေဆိုဖို့ဖြစ်ပါတယ် လို့ ဆိုပါတယ် ။ အားလုံးသိပြီးဖြစ်တဲ့ အတွဲ လေးတွဲပါရှိတဲ့ ဆရာ ဦးဆန်းလွင် စာအုပ်မှ ဒုတိယတွဲဟာ ကမ္ဘာ့ ဒဿန မျိုးစုံကို အကျဉ်းတင်ပြထားတာဖြစ်ပါတယ် ။ ရုပ်ဝါဒီ များက တမျိုး ၊ နာမ်ဝါဒီများက တစ်ဖုံ ၊ အတွေ့အကြုံ အဓိက ဝါဒီများက တစ်နည်း ၊ ဆင်ခြင်တုံ တရားအဓိက ဝါဒီများက တစ်သွယ်ဖြင့် ဒဿန ပညာရှင်များနှင့် အယူဝါဒ များကို တင်ပြထားပါတယ် ။ တတိယတွဲတွင် ဆရာ ဦး ဆန်းလွင် ၏ ဆရာ ဒေါက်တာခင်မောင်ဝင်းက " ဗုဒ္ဓ ၏ ကိုယ်ကျင့်တရားပညာ် " စာအုပ်ကို ပြုစုရန် တာဝန်ပေးသည်မှ စ၍ လူသား ဗုဒ္ဓ နှင့် သူ၏ တရားဦး ဓမ္မ စကြာကို နားလည် သဘော ပေါက်ခြင်း ဆိုသော ခေါင်းစဉ်ဖြင့် စတင်ချဉ်းကပ်ပါတယ် ။


စဉ်းစား ဆင်ခြင် ဝေဖန်ဆန်းစစ်ပုံနှင့် ပတ်သက်၍ ဆရာ မောင်ဝဏ္ဏ က "ဗုဒ္ဓ မြတ်စွာရဲ့ တရားတော်တွေဟာ ကြံစည်စဉ်းစားလို့ မရလောက်အောင် မြင့်မြတ်ပါတယ် ။ ဒါကို အတက္ကာ ဝစရ လို့ ပါဋ္ဌိ လို ခေါ်ပါသတဲ့ ၊ စဉ်းစားဆင်ခြင်ယုံနဲ့မရနိုင်ဘူးတဲ့ ။ အစပိုင်း အဆင့်မှာတော့ စဉ်းစားဆင်ခြင်ဝေဖန် ဆန်းစစ်ရမယ်လို့ မြတ်စွာ ဘုရားကိုယ်တော်တိုင်ဟောကြားခဲ့ပါတယ် ။ ဝိဘဇ္ဇ ဝါဒ လို့ ခေါ်ဆိုကြောင်းတင်ပြပြီးနောက် ကေသမုတ္တိ သုတ္တန်မှ ဝေဖန်စိစစ်မူပြုပြီး ကိုယ်တိုင် ကျင့်ကြံ ပွားများဖို့ နည်းလမ်းဆယ်လမ်းကို ထုတ်နုတ်ပြပါတယ် ။


ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့က " အချို့သော " သမဏ ။ဗြာဟ္မဏ တို့သည် မိမိတို့ အယူဝါဒ ကိုသာလျှင် ချီးမွမ်း၍ အခြားသော အယူဝါဒ များကို ရူတ်ချပြီး ဟောပြောသောကြောင့် မည်သူမှန်သည် မည်သူမှားသည် မသိရဘဲ ယုံမှားသံသယ ဖြစ်ကြရပါသည်ဟု မြတ်စွာဘုရားအားလျှောက်ကြ၏ ၊ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏ ။


" ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်

(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။

(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။

(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။

(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၆) အခြင်းအရာကို " ကြံစည်" သော အားဖြင့်လည်း မယူကုန်လင့်ဦး ။

(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။

ကာလာမ မင်းတို့ ---

(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် " မိမိတို့ ကိုယ်တိုင် " သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။

(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု "မိမိ ကိုယ်တိုင် " သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။

( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ်)


ထိုနောက် ဆရာ မောင်ဝဏ္ဏ က သူ၏ အမြင်ကို

" အင်မတန်မှ ရှင်းလင်းပြတ်သားတဲ့ တရားပါပဲ ။ ကျွန်တော် အယူ အဆကို ပြောရရင် မြတ်စွာ ဘုရား ကိုယ်တိုင် ဟောတဲ့ တရားကိုတောင်မှ ခုနလို အစဉ်အလာ ယုံကြည်မူအနေ နှင့် လူပြောသူပြောနဲ့ မယုံ လိုက်ပါနဲ့ဦး ။ ဝေဖန်စီစစ် ( ဝိဘဇ္ဇ ) ပြုပြီး ကိုယ်တိုင် ကျင့်ကြံပွားများလို့ လောကုတ္တရာ အကျိုးစီးပွား ချမ်းသာခြင်းကို ကိုယ်တိုင်သိမှ ။ လမ်းစမြင်မှ လေးလေးနက်နက် ယုံကြည်ပြီး စိတ်နုလုံးထဲမှာ အမြဲ ဆောင်ထားပါလို့ ဟောကြားတော်မူတယ်လို့ ယူဆပါတယ် ။ ( စာ ၁၆-၁၇)




" ရတနာ သုံးပါး---- " စာအုပ်၏ စာ မျက်နှာ ၃၀၅ ၊ ၃၀၆ တွင် အကြင်သူသည် အယူဝါဒ တစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် အောက်ပါအတိုင်း ပြုကျင့်အပ်သည်ဟု အချက် ဆယ်ချက်ကို ညွန်ပြတော်မူခဲ့လေသည် ။

ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံ နည်းကျ အတွေးအမြင် အားလုံး နှင့်လည်း အကျူံးဝင်လျက်ရှိသည်ကို အကျွန်ုပ် တွေ့ရလေ၏ ။ တိုနောက် ထို အချက် ၁၀ ချက်ကို တင်ပြပါတယ် ။ ဆက်၍

" ဤ ဆယ်ချက်ကို နှစ်ဆယ်ရာစုတွင် ထင်ရှားသော လက်ငင်း အကျိုးကြည့် အယူဝါဒ ရှိသူများလည်း မဟောနိုင်ခဲ့ ။ ယုတ္တိ နည်းကျ အတွေ့ အကြုံ အဓိက ဝါဒီများလည်း မဟောနိုင်ခဲ့ ။ သို့သော် ဗုဒ္ဓ သည် လွန်ခဲ့သော အနှစ် နှစ်ထောင် ငါးရာကျော် ကပင် အတိအပ ဟောကြားညွန်ပြထားခဲ့ သည်မှာ အံသြဖွယ်ကောင်းလေစွဟု အကျွန်ုပ်လည်း အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်ရလေတော့၏ ၊




ဆရာ ဦးဆန်းလွင် ၊ ဆရာ မောင်ဝဏ္ဏ (၁)

မောင်တိန် ရေးသည် ။(မောင်တိန် ခေါင်တက်ကိုင်ခြင်း )


 
 

Things you can do from here:

 
 

1 comment:

မိုးတိမ်ညို said...

" ဆရာတို့ ဘယ်ကနေ စ စဉ်းစားမလဲ " ဆိုတာက ဆရာမြင့်သန်းရဲ့ ရောရောယောင်ယောင်မောင်ဘမောင် စာအုပ်မှာပါတယ်ပါ။
စာတွေက တန်ဖိုးရှိတယ်ဗျာ။ ဖတ်နိုင်သလောက်ဖတ်သွားတယ်။